International News

အာရှဒေသမှ ငှက်ပျောသီးတင်ပို့မှုတွင် ဖိလစ်ပိုင်နိုင်ငံ၏ ဈေးကွက်ဝေစုကျဆင်း

Last Updated:

အာရှဒေသမှ ငှက်ပျောသီးတင်ပို့မှုတွင် ဖိလစ်ပိုင်နိုင်ငံ၏ တင်ပို့မှုဈေးကွက်ဝေစု ကျဆင်းခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျောသီးတင်ပို့သူဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏ တင်ပို့မှုဈေးကွက်ဝေစုမှာ ယခင်နှစ်တွင် (၉၀) ရာခိုင်နှုန်းရှိခဲ့ရာမှ ဒေသတွင်း ငှက်ပျောသီးစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံများ၏ ယှဉ်ပြိုင်မှုတိုးတက်လာခြင်းကြောင့် ၂၀၂၁ ခုနှစ်တွင် (၆၀) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျောတင်ပို့မှုသည် ယခင်နှစ် မက်ထရစ်တန်ချိန် (၃.၈) သန်းမှ ၂၀၂၁ ခုနှစ် တွင် (၂.၄) သန်းသို့ ကျဆင်းခဲ့ပြီး၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ချက်အရ (၃၇) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)၏ ငှက်ပျောသီးဈေးကွက်သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပနားမား ပင်ညှိုးရောဂါ (Panama disease/Fusarium Wilt)  တို့၏ ရိုက်ခတ်မှုဒဏ်ခံရခြင်း၊ ဟာရီကိန်း မုန်တိုင်းကြောင့် လေလွင့်ဆုံးရှုံးမှုနှင့် သွင်းအားစုစရိတ်မြင့်မားခြင်းတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုပိုင်း၌ အခက်အခဲများရှိ နေစဉ်တွင် ဒေသတွင်းငှက်ပျောသီး ထုတ်လုပ်တင်ပို့သည့်နိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာခြင်းကြောင့် အာရှဒေသ၏ ငှက်ပျောသီးအဓိကတင်ပို့သူအဖြစ် ၎င်း၏ရပ်တည်မှုမှာ လှုပ်ခတ်လျက်ရှိသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO က ဆိုပါသည်။

ဖိလစ်ပိုင်ရှိ အသေးစားငှက်ပျော စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် တင်ပို့သည့်ဈေးကွက်၏ အရည်အသွေးလိုအပ်ချက်နှင့် ကိုက်ညီအောင်ထုတ်လုပ်နိုင်ရေးလိုအပ်သည့် စိုက်ပျိုးရေး သွင်းအားစုများ ဝယ်ယူရန်ခက်ခဲသဖြင့် ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီး တင်ပို့မှုအတွက် အဓိကဈေးကွက်များဖြစ်ကြသော တရုတ်နှင့် ဂျပန်နိုင်ငံတို့က အရည်အသွေးပိုင်းနှင့် ပတ်သက်၍ စိုးရိမ်မှုကြောင့် small producers များထံမှ အမှာစာများကို လျှော့ချခဲ့ကြသည်ဟု သိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုအခက်အခဲများအပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာသည့်အခြေအနေများကြောင့် အာရှဒေသမှ ငှက်ပျောတင်ပို့မှုတွင် ဖိလစ်ပိုင်နိုင်ငံ၏ ဈေးကွက်ဝေစုတည်မြဲရေးအပေါ် စိန်ခေါ်မှုများ ရှိနေပါသည်။ တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ငှက်ပျောဝယ်လိုအား ကောင်းမွန်နေသဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် ငှက်ပျောစိုက်ပျိုးမှုတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန်ရှိနေကြောင်း FAO က ဆိုပါသည်။

အာရှဒေသမှ ငှက်ပျောတင်ပို့မှုတွင် ဖိလစ်ပိုင်၏ ဈေးကွက်ဝေစုကျဆင်းခဲ့စေကာမူ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင်လည်း ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျောတင်ပို့သူအဖြစ် (၄) နှစ် ဆက်တိုက်ရပ်တည်ခဲ့ကြောင်း သိရပါသည်။


 

ကျော်စိန်ဝင်း (MYANTRADE)

 

ရင်းမြစ် -   businessmirror.com.ph  

Category: International News